
တစ်ရက်တစ်ရက်
ပြောရခက်လို့
ရက်ဆက်ရင်မှာ
မတတ်သာလို့
ချစ်တာတချို့ သိမ်းထားတယ်။
နေ့တိုင်းနေ့စဉ်
တွေ့နေရင်လည်း
ပြောချင်စကား
စိတ်ကွက်မလားလို့
ရင်ဝှက်ထားလို့သိမ်းထားတယ်။
ခဏခဏ
တွေ့နေရလည်း
ရတဲ့အပြုံး
မပျောက်ဆုံးအောင်
နောက်ဆုံးချိန်ထိသိမ်းထားတယ်။
မနက်လည်းဆုံ
ညလည်းဆုံ
သူယုံနေတာလေး
စိတ်မှာတွေးလို့
သိက္ခာလေးနဲ့သိမ်းထားတယ်။
မနက်လည်းပြော
ညလည်းပြော
ပြောသာပြောလည်း
မပြောရဲသွားထိုစကား
ရင်မှာထားလို့သိမ်းထားတယ်။
မပြောမပြီး
ပြောမှပြီး
ဒေါသကြီးသည့်
စိတ်ကိုသိလို့
မချိကိုယ့်မှာသိမ်းထားတယ်။
ခုတော့သခင်
ခင်လို့လည်းကျွမ်း
မှန်းလို့လည်းတမ်းတ
လွမ်းရလို့ရင်ဝှက်
မြင်ရက်နဲ့စိတ်လေး
ကြိတ်ဆွေးတာလေးပြောချင်ပြီ.......။
သည်လိုပါသခင်ရယ်..
လွမ်းရင်းနဲ့မှန်း
တမ်းတရင်းကြိုက်
ကိုယ်မိုက်တဲ့ကံ
ကိုယ်သာခံရ
စိတ်မချလို့
ရင်ကချစ်တာပြောမိပြီ...နော်။
တစ်ရက်တစ်ရက်
ပြောရခက်လို့
ရက်ဆက်ရင်မှာ
မတတ်သာလို့
ချစ်တာတချို့ သိမ်းထားတယ်။
တတိုင်းမွှေး
ကိုယ်ပိုင်နှလုံးသားခြေရာ။

new everpost
ReplyDelete